ကာလ။ ။ လာလတ္တံသော အနာဂတ် ခေတ်တစ်ခေတ်။
"ပုလိပ်မယား ပေမယ့်
အကိတ်စားချည်း မထင်နဲ့
လိပ်ခါးလည်း ဖြစ်ချင် ဖြစ်မှာပေါ့
... ... ...
ဩော် (ဟော် ဟော် ဟော် ဟော်) <- echo
သိပ်စားတယ်လို့ မဆိုချင်
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ (ဟာဟ ... မောင်စိန်ဝင်း အလုံးကြီး)
ခင် မရစ်လဲ ဝမ်းနာတယ်
ပန်းထှာကွယ် မဆိုသာတော့။"
ဘောင်းဘီကို ပြန်ဆွဲတင်ရင်း အိမ်သာထဲမှ ခပ်ကွကွ ထွက်လာသော ဆားပုလင်း ရီဟွာ(野花) သည် အနှီသို့ ဥဒါန်းကျူး လိုက်၏။ ဆွေမျိုးပေါက်ဖော် - ပေါက်ဖော်ဆွေမျိုး ဟု အမည်ပေးထားသော နှစ်နိုင်ငံ ချစ်ကြည်ရေး အစ်ီအစဉ်ဖြင့် သူ ဖမာပြည် ရောက်လာသည်မှာ မကြာလှသေး သော်လည်း ဖမာပါး ဝလှပြီ။ ဝဆို ဆားပုလင်း ရီဟွာသည် လသာလမ်းတွင် ချက်မြှုပ်၍ သာကေတတွင် လူပျိုလားမြောက်ခဲ့သော နိုင်ငံခြားသား ဖောရင်းနာ စစ်စစ်ကြီးပင် ဖြစ်သည်။
အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ဇာတိ ပြည်ကြီးပြန် ရဲလုပ်နေရာမှ နှစ်နိုင်ငံ ရဲဝန်ထမ်းများ လဲလှယ်ရေး အစီအစဉ်ဖြင့် ယခုလို ဖမာပြည် ပြန်ရောက်လာသော အခါ ဆားပုလင်း ရီဟွာ ဝမ်းသာမဆုံး ရှိလှသည်။ မစားရတာ ကြာလို့လား မသိ၊ ဖမာစာများကို တော်တော် ခံတွင်းတွေ့သည်။ ဖမာရိုးရာ မုန့်များကို သူတော်တော် ကြိုက်နေသည်။ မုန့်ကြာခွက်လည်း ကြိုက်သည်။ ကောက်ညင်းပေါင်းလည်း ကြိုက်သည်။ မုန့်ပေါင်းလည်း ကြိုက်သည်။ မုန့်ပေါင်းရောင်းသော ကောင်မလေးလည်း ကြိုက်သည်။ ပြည်ကြီးသို့ အိတ်စ်ပို့စ် လုပ်ရကောင်းနိုးပင် စဉ်းစားမိသေးသည်။
သို့သော် ဖမာ ရိုးရာ အိမ်သာကိုတော့ သူ မကြိုက်။ အချို့သော ရိုးရာ အစဉ်အလာများသည် မပျောက်ပျက်အောင် ထိန်းသိမ်းထားသင့် သော်လည်း၊ လက်တွေ့တွင် ဆက်လက်ကျင့်သုံးရန် မသင့်။ ဟား ... ဇလားလောက်မှ ဇောက်မနက်တဲ့ ဖမာ အိမ်သာများ ဆိုပြီး ဖွဘွတ် တင်ရမယ်။ ဆားပုလင်း ရီဟွာ မျက်နှာ ဝင်းလက်သွားသည်။ သူတို့လို အစွန်းရောက် ဖွဘွတ်ယူဆာများ အတွက် တစ်နေ့ တစ်နေ့ ဘာများ စတေးတပ် တင်ရမည်ဟု အကြောင်းအရာ ရှာရသည်က လွယ်သည် မဟုတ်။ တစ်နေ့စာတော့ ရပဟေ့။ ဘာပဲပြောပြော ဖမာပြည် လာနေရတာ ဖွဘွတ် သုံးရတာ တစ်ခုနဲ့တင် တန်တယ်ဟု သူ သဘောရသည်။
ဆားပုလင်း ရီဟွာ သူ့ ဘောင်းဘီအိတ်ထဲမှ "ဗဲရီး ဗဲရီး စမတ်ဖုန်း" ကို ထုတ်သည်။ ထိုဟန်းဆက်သည် ပြည်ကြီးမှ ဖမာပြည်အတွက် သီးသန့် ဒီဇိုင်းရေး ထုတ်လုပ် ပေးထားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အခြား မည်သည့် နိုင်ငံသို့မှ တင်ပို့ရောင်းချခြင်း မပြု၊ ရောင်းပါကလည်း မည်သူမျှ ဝယ်မည်မဟုတ်။ အဘယ်ကြောင့် ဆိုသော် အမျိုးမျိုး အဖုံဖုံသော ဆင်းကတ် နှစ်ဆယ့်နှစ်ကတ် တစ်ပြိုင်နက် ထည့်၍ အသုံးပြုနိုင်သော ဟန်းဆက်သည် ဖမာပြည်မှတစ်ပါး အခြား မည်သည့် နေရာတွင်မှ အသုံးမဝင်၊ သူများတွေ လိုလှ ဆင်းကတ် နှစ်ကတ် ဌာန်ကုန်ပဲ။ ရီဟွာသည် လက်မှ နာရီကို ကြည့်လိုက်ပြီးနောက် အင်္ကျီအိတ်ထဲမှ မှတ်စုစာအုပ်ကို ထုတ်သည်။ မှတ်စုထဲတွင် အချိန်စာရင်း ရှိသည်။ မည်သည့်အချိန်တွင် မည်သည့် ဆင်းကတ်သည် အင်တာနက် လိုင်းကောင်းသည်ကို မှတ်တမ်း တင်ထားသော အချိန်စာရင်း၊ ဖမာအင်တာနက် ကျွမ်းကျင်သူ တစ်ဦးက သူနှင့် မာဆတ် အတူ သွားအပြီး ခင်မင်ရင်းနှီး ယုံကြည်စိတ်ချစွာ မူးမူးနှင့် ပေးသွားခဲ့သော အချိန်စာရင်း ဖြစ်သည်။
တောက် ... အိမ်သာ တက်နေတုန်း ဓာတ်ပုံ မရိုက်ခဲ့မိတာ နာသကွာ၊ အိမ်သာထဲ ပြန်ဝင်ပြီး စနပ်ရှော့ ပြန်ရိုက်ရ ကောင်းလေမလားဟု သူစဉ်းစားမိသည်။ ပါးနပ်သူများက လိမ်ဆင်ကြီး ဟူ၍များ ဝိုင်း မန့်ကြလေမလား။ သူ ဒွိဟ ဖြစ်နေစဉ် အထက်မှ အားဂျင်း ဆင့်ခေါ် ခံရပြီး ယခု ဆိုလတ္တံ့သော အမှုကို အထူး ဖြေရှင်းရန် အပ်နှံခံရသောကြောင့် ဖွဘွတ်ထက်တွင် အိမ်သာ ဒီဘိတ် မဖြစ်ပွားခဲ့ရ၊ ဖွဘွတ် ဖိုက်တာများအတွက် ဆုံးရှုံး နစ်နာလှပါဘိတောင်း။
ဆားပုလင်း ရီဟွာအား အထူး တာဝန် ပေးအပ်ခံရသော မှုခင်းကား နိုင်ငံကျော် ထဘီလှန် အတွင်းခံဖြဲ စပွတ်လပွတ် လူမည်း ကတုံးကြီးအား ဖမ်းဆီးပေးရန်တည်း။
ရီဟွာသည် ပင်လယ်ပြာ လျှို့ဝှက် မြေအောက် ကမ္ဘာမှ ဂုဏ်ထူးဆောင် အမာခံ အောသမား တစ်ဦး ဖြစ်သည်နှင့် အညီ မည်သူ့ကို ဖမ်းရမည် ဆိုသည်ကို တန်း၍ သိသည်။ ထိုသူကား လိပ်ခေါင်းအလား ပေါ်ချည်ပျောက်ချည် ဖြစ်နေရာမှ ဖြတ်ဖောက်ချုပ် လိုက်သော ဟိုသင်းကလေးလို လုံးလုံး လျားလျား ပျောက်ကွယ်သွားသော နာမည်ကျော် အော-အချစ် စာရေးဆရာ တစ်ဦးပင်တည်း။
ဘဝတူချင်း ဖြစ်သည်မို့ ထို တနင်္လာနံ နှစ်လုံးဆင့် အမည်နှင့် အော စာရေးဆရာကို ဆားပုလင်း ရီဟွာ မဖမ်းချင်ပါ။ သို့သော် အများပြည်သူတို့၏ လုံခြုံရေးကို ထိပါးလာပြီမို့ မတတ်သာ၊ ဖမ်းရချေတော့မည်။ တကယ်ဆို ဒီကိစ္စမျိုးတွင် အပြင်ကို အသံမထွက်အောင် နှစ်ကိုယ်ကြိတ် ကြိတ်ကြပါတော့လား။ ဒါဆို သနပ်ခါးတုံးနဲ့ပဲ ထုထု၊ စဥ့်တီတုံးပေါ် တင်ပြီး နုပ်နုပ်ပဲ စင်းပစ်ပစ် အကြောင်းမဟုတ်။ အခုလို ဖွဘွတ်ပေါ် ရောက်လာမှတော့ အရေးမယူလို့ မဖြစ်နိုင်တော့၊ ဒါက ပြည်သူ့ လွှတ်တော်တင် ဆွေးနွေးသည်ထက် ဩဇာ ပိုကြီးသည် မဟုတ်လား။
ထိုသို့ ဖမ်းဆီးရန် လိုက်လံ ထောက်လှမ်းသော အခါမှ ကိုယ်ရောင်ဖျောက် တနင်္လာ နှစ်လုံးဆင့် အောရေးဆရာအား ရှာဖွေရသည်မှာ ဘင်လာဒင်ကို ရှာရသည်ထက် ခက်ခဲကြောင်း သိလာရသည်။ သို့သော် နောက်ဆုံးတွင် ရာဇဝတ်ဘေး ပေးမှလွှတ် (အဲ ဘွာ ဘွာ) ရာဇဝတ်ဘေး ပြေးမလွတ် ဟူသော စကားနှင့်အညီ ပုန်းနေသူကြီးကို ဖမ်းမိခဲ့လေသည်။ ဤနေရာတွင် ကျနုပ်တို့ တိုတိုနှင့် တုတ်ရမည် ဖြစ်သောကြောင့် အလွန် အသည်းထိတ်ဖွယ် စိတ်ဝင်စားဖွယ် ကောင်းသော ဆားပုလင်း ရီဟွာ၏ စုံစမ်း ထောက်လှမ်းပုံများကို လည်းကောင်း၊ အမှုအပြီး ဆားပုလင်း ရီဟွာသည် မုန့်ပေါင်းသည်မလေးအား စပွန်ဆာပေး အိမ်မိုးပေးပြီး မုန့်ပေါင်းများ အားရပါးရ စားမိသဖြင့် တစ်ပတ်ခန့် မထနိုင် ဖြစ်ရပုံများကို လည်းကောင်း စိတ်မကောင်းခြင်း ကြီးစွာဖြင့် ချန်လှပ်ထားခဲ့ရ ပေတော့မည်။
ဆားပုလင်း ရီဟွာ၏ တာဝန် ကျေပွန်ပြီးဆုံး ခဲ့ပြီမို့ သူ့ကို သူ့မုန့်ပေါင်းများ အလယ် ထားရစ်ခဲ့ကာ ကျနုပ်တို့ သံသယ တရားခံကို ရုံးတင်ကြပါစို့။
* * *
ဒေသ။ ။ လာလတ္တံသော ပြည်ထောင်စု သမတ လိုင်းပေါင်းစုံ ဖမာနိုင်ငံတော် ဟိုက်ကုတ် (ဝါ) တရားရုံးချုပ် (နေပြည်တော်)။
တရားသူကြီးမ ဒေါ်စောစောသည် တရားခွင်ကို အထက်စီးမှ ရှုစားနေသည်။ ဒီအမှုကို သူစစ်ဆေးရမည်ဟု သတင်းကြား ကတည်းက စိတ်လှုပ်ရှား မိခဲ့သည်ကတော့ အမှန်ပင်။ တရားခံအဖြစ် စွပ်စွဲခံရသော ကလေးမျက်ခွက်နှင့် သတ္တဝါလေးသည် မျက်နှာပိုး မသေလှ၊ ပြုံးစေ့စေ့ လုပ်နေသည်။ သူ့ရုပ် သူ့ရည်နှင့် ဘာကြောင့်များ ဒီလိုတွေ လုပ်ရပါလိမ့်၊ ပြီးတော့ နာမည်ကျော် စာရေးဆရာ ဆိုပါ့လား၊ အတောင်အမွေး မစုံသေးသည့် ချာတိတ်မလေးတွေ၊ ပြုတ်မနူးတော့သော အိုပယ်မကြီးတွေ၊ နောက်ဆုံး ဘေးထွက် အပိုပစ္စည်းတွေနှင့် အထီးမတွေပါ မကျန် သူ့ကို သည်းသည်းလှုပ် ကြွေကြဆိုပဲ။ လိင်မှု ဆာလောင်ခြင်းကြောင့် ယခုလို ဓမ္မတာနှင့် ဆန့်ကျင်သော အမှုများကို ပြုလုပ်ခြင်း မဖြစ်နိုင်။ တန်တော့ ဆိုင်ကိုပဲ ဖြစ်ရမည်။ ထုံကူးသည်တို့၊ အင်းပွတ်သည်တို့ ဆိုသည်ကို ဒေါ်ဒေါ်စော မယုံ၊ သူက သိပ္ပံနည်းကျမှ လက်ခံသူ ဖြစ်သည်။ သို့သော် တရားသူကြီးတို့ မည်သည် ကြိုတင် ဆုံးဖြတ်ထား၍ မဖြစ်၊ နှစ်ဖက် အကျိုးဆောင်ကြီးများ၏ လျှောက်လဲချက်များ၏ ခိုင်လုံမှု အပေါ်တွင်သာ မူတည် စဉ်းစားဆုံးဖြတ် ရမည် ဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးနေရသည်။
ဆွဲချ ခေါ် တရားလို ရှေ့နေ ခေါ် နိုင်ငံတော် ဘက်မှ ဥပဒေ အကျိုးဆောင်ကြီး အိုပါးရှိတ်သည် ခွပ်လက်ပြနေသော တိုက်ကြက်ဖကြီး အလား ကြွကြွရွရွ ရှိလှသည်။ စာရွက်စာတမ်းများကို တဖျပ်ဖျပ်လှန်ရင်း မျက်မှန် တပင့်ပင့်နှင့် ရှိုးပြ ကောင်းနေသည်။ သို့သော် တရားခံ ရှေ့နေ နေရာတွင် လူမရှိ။
တရားသူကြီးမ မျက်မှောင်ကုပ်သွားပြီး
"တစ်ဖက် အကျိုးဆောင် အဖြစ် ဘယ်သူက ဆောင်ရွက်မှာလဲ"
အဖြေမရှိ။
"တရားခံရှေ့နေ ဘယ်သူပါလဲ၊ ရှေ့နေ မရှိဘူးလား၊ မရှိရင် ရုံးတော်က တာဝန်ယူ ခန့်ထားပေးရမလား"
သံသယ တရားခံ အောစတားက ကပျာကယာ ကန့်ကွက်လိုက်သည်။
"ကျနော့် အကျိုးဆောင် ရှိပါတယ်၊ မကြာခင် ရောက်လာပါလိမ့်မယ်"
"ဘာဖြစ်လို့ အခုချိန်ထိ မရောက်လာသေးတာလဲ၊ ရုံးတော်က သူ့ကို ပြန်စောင့်နေရတာ အတော် မဖွယ်ရာတဲ့ ကိစ္စပဲ"
"အို ... အခု ရောက်မှာပါ၊ အခု ရောက်မှာပါ၊ သူက နိုင်ငံဂျားက လာရတာမို့ပါ"
တနင်္လာ နှစ်လုံးဆင့် (ရှည်တယ်ဗျာ၊ နောက်ကို နှစ်နင်းလာ လို့ပဲ ခေါ်တော့မယ်) အမည်ရှင် အောစတားသည် ဒေါ်ဒေါ်စောကို မျက်နှာချို သွေးလိုက်ပြီးမှ အံခဲကာ မိုးပေါ်သို့ မော့ကြည့်သည်။ ထို့နောက် တီးတိုး ရေရွတ်သည်။
"ကိုရီး ... ခညား မလာသေးပူးလား၊ ဘယ်အိပ်ရာထဲ သွားတေနေလဲ၊ အခုလာ၊ လာဆို လာနော်၊ ကျုပ် ကျိန်ဆဲမိတော့မယ်"
မျက်နှာကြက် အမိုးပေါ် မျက်လွှာလှန်ကြည့်ရင်း တတွတ်တွတ် ဆီမန်း မန်းနေသော သူ့ကို အကဲခတ်ရင်း ဒေါ်ဒေါ်စော၏ သံသယစိတ်သည် ပိုမို ခိုင်မာလာသည်။ သေချာပါတယ်၊ ဆိုင်ကိုမှ ဆိုင်ကို စစ်စစ်ပါ။ သင်းတော့ ဒီအတိုင်း လွှတ်ထားရင် ပိုရူးလာပြီး သင်တုန်းဓား တစ်လက်နဲ့ မိန်းမတွေကို လည် လိုက်လှီးမည်လား မသိ။
"ဘကြီး ခင်ဗျား မလာသေးဘူးလား၊ အေးနော် ... ခညား ခုအချိန်မှ မလာရင် ခညားဂျီးကို ကျနော့် ဒေါ်လေး ဘာမှာတယ် ဆိုတာ ..."
သူ့စကား မဆုံးလိုက်၊ သူ့နံဘေး ဖုန်းခနဲ မီးခိုးလုံးကြီး တစ်လုံး အူတက်လာပြီး မီးခိုးများ စင်သွားသောအခါ တရားခံရှေ့နေ ထိုင်ခုံတွင် ခန့်ခန့်ကြီး ထိုင်နေသော ပုဂ္ဂိုလ်ကြီးကို ခန့်ညားစွာ တွေ့မြင်လိုက်ကြရသည်။
အထက်ပိုင်းတွင် ဝတ်ဖြူစင်ကြယ်နှင့်၊ လိမ္မော်သီးခန့် ရှိသော ပုတီးလုံးများနှင့် ပုတီးကုံးကြီးကို လည်တွင် ဆွဲထားသော တောင့်တင်း ထွားကျိုင်းလှသော ပုဂ္ဂိုလ်ကြီးမှာ အောက်ပိုင်းတွင်တော့ ဘောက်ဆာ ဘောင်းဘီ ပွပွကြီးနှင့် ကိုးယိုးကားယား ဖြစ်နေသည်။ နှစ်နင်းလာ အောစတား မျက်လုံးပြူးသွားသည်။
"ဟင် ... ကိုရီး၊ ဘယ့်နှယ်ကြီး လုပ်လာတာလဲ"
ထိုအခါမှ သူ့အောက်ကဟာ သူပြန်ငုံ့ကြည့်ပြီး
"ဟီး ဟီး ... ယူနီဖောင်း အပြည့်ဝတ်ဖို့ မေ့သွားတယ်၊ ဂျမ်ဆော့နေရာက ပြေးလာလို့ကွ၊ ဒါတွေ ထားပါဟာ၊ နင့်ဒေါ်လေးက ငါ့ကို ဘာမှာသလဲ ... ပြော ... ပြော ... ကိုရီးကို လွမ်းလှပြီတဲ့လား"
"ဩော် ... သူများ ဒုက္ခရောက်နေပါတယ် ဆိုမှ သူက လာပြီး တဏှာ ရူးနေသေးတယ်၊ ဘာမှာရမလဲ သူ့ကလေးတွေကို နာနီ လာလုပ်ပေးလို့ ရပြီတဲ့ခင်ဗျ"
အမြင်ကပ်ကပ်နှင့် တွယ်ထည့်လိုက်ပြီးမှ ဒေါ်ဒေါ်စောဘက် လှည့်၍
"တရားသူကြီးမင်း ခင်ဗျား၊ ကျနော့် ဘက်က လိုက်ပါ ဆောင်ရွက်ပေးမယ့် အကျိုးဆောင် ပထမံ ဘိုးဘိုးထောင် (USA) ပါ ခင်ဗျား"
ပထမံ ဘိုးဘိုးထောင်သည် ဝုန်းခနဲ ထရပ်ပြီး ရင်ကော့လိုက်သည်။
"ဟုတ်ပါတယ် မတရားသူကြီး"
"ဘာ ... စော်ကားလှချည့်လား"
ဆတ်ဆတ်တုန်သော ဖင်တုံးကြီးကို သားရေကွင်းဖြင့် ချောင်းပစ်ခံရသည့် ဆရာမ အပျိုဟိုင်းကြီး တစ်ယောက်လို တွန့်ခနဲ ဖြစ်သွားပြီး ဆတ်ဆတ်ခါ ရှက်ဒေါသ ထွက်မဆုံးသော တရားသူကြီးမကို ဘိုးဘိုးထောင် နားမလည်နိုင် ဖြစ်သွားသည်။
"ဟာ ဘယ်လို ဖြစ်သွားတာလဲ၊ ငါ ဘာမှားသွားလို့လဲဟ"
"ဟင် ... ခညားက ဘာလို့ မတရားသူကြီးလို့ သွားခေါ်တာလဲ"
"ဟာ သူက မိန်းမပဲ၊ ရှေ့က မ တပ်ခေါ်မှ ယဉ်ကျေးတာ မဟုတ်လား"
"တော်ပါဗျာ ... ခင်ဗျားကြီး အူတိအူချာနဲ့၊
ဒီလိုပါ တရားသူကြီးမင်း ခင်ဗျား၊ ကျနော့် နောင်တော်ကြီးဟာ မဟာမြိုင်တောမှာ အနေကြာသွားတဲ့အတွက် ဖမာ အသုံးအနှုန်းတွေကို မေ့လျော့ တိမ်းစောင်း မှားယွင်း အသုံးပြုမိပါတယ်။ တကယ်တော့ သူဆိုလိုတာက တရားသူကြီးမလို့ ဆိုလိုတာပါ"
တစ်ဖက်မှ ရှေ့နေကြီး အိုပါးရှိတ်သည် မျက်မှန်ကို နှာရိုးပေါ် လျှောချပြီး ဘိုးဘိုးထောင်ကို ပြူးကြည့်သည်။ အမှုသည်က စကားလုံး အသုံးအနှုန်းများကို နောက်မှ လိုက်ရှင်းပေးရသော ရှေ့နေမျိုး သူ့တစ်သက် တစ်ခါမျှ မမြင်ဖူးပေ။ ထူးပါပေသည်။ သူ့အတွက် ပြိုင်ဘက်ကောင်းကြီး ဖြစ်နိုင်သည်။ အထူး သတိထားလေမှ။
ဒေါ်ဒေါ်စောကား ဆွေ့ဆွေ့ခုန်နေဆဲ။ အခြေအနေ မဟန်တော့ပြီမို့ ကပျာကယာ ဘိုးဘိုးထောင်ကို
"ဘကြီး ... ဘကြီး၊ လှန်ပြလိုက်၊ လှန်ပြလိုက်၊ ခင်ဗျားဟာကြီး မြင်ရင် ဘယ်မိန်းမမှ မပျော့ပဲ မနေနိုင်ဘူး၊ လှန်ပြလိုက်"
"ဟီး ... လူကြားထဲမှာကွာ၊ ရှက်ချာကြီး၊ ရုံးနောက် ခေါ်ခဲ့လေ"
"အာ ... ဗိုက်လှန် ပြခိုင်းတာဗျ၊ ခင်ဗျား ဗိုက်က ပီယသိဒ္ဓိ ဆစ်ပက်ကြီးကို လှန်ပြခိုင်းတာ ... ခွီး"
ပထမံ ဘိုးဘိုးထောင်သည် ယားနာကုပ်သလိုလို အယား ဖျောက်သလိုလိုနှင့် ဗိုက်ကိုလှန်ကာ သူ၏ ဂမ္ဘီရ ဝမ်းဗိုက် ကြွက်ကြီး ခြောက်ကောင် (အဲ ဟုတ်ပေါင်) ခြောက်မြောင်း ခင်ဗျ၊ ကြွက်သားကြီး ခြောက်မြောင်းကို ဝင့်ကြွားစွာ ဗန်းတင်ပြလတ်သော် တရားသူကြီးမ သာမက၊ ရှေ့နေမကလေးများ အပြင်၊ သန့်ရှင်းရေး အမှိုက်သိမ်းသမ လက်ချမီးနှင့်တကွ ရုံးအပြင်မှ အမှုပွဲစားမများ၊ ဂျာနယ်ရောင်းသမများ၊ ကွမ်းယာသည်မများပါ မကျန် တစ်ခဲနက်သော ဣတ္ထိယထုကြီးသည် ငေးမောမင်တက် ညှို့ချက်တွယ်ငြိ မချိလှိုက်ခုန် အူသည်းတုန်၍ ဂလုံ ဂလွမ် ဂလုကြ လေကုန်သတည်း။
သို့ဖြင့် ပဏာမ စစ်ဆေးခြင်း စတင်တော့သည်။ အားလုံး တွက်ဆနိုင်သည့် အတိုင်း ရှေ့နေကြီး အိုပါးရှိတ်သည် သံသယ တရားခံ ရေးသားခဲ့သော ဂန္ထဝင် ဝတ္ထုကြီး တစ်ထု (အဲလေ) တစ်ပုဒ် ဖြစ်သည့် ထူးဆန်းသော သစ်သား ရုပ်ထုကလေး ဟူသော ဝတ္ထုနှင့် သူ၏ အရင်းနှီးဆုံး ရေးဘော်ကြီး ဆိုသူ အောဖခင်ကြီး ရေးသားသည့် လူနီကြီး နဲ့ ချမ်းကို ဟူသော ချောက်တွန်းစာ တစ်ပုဒ်ကို လက်ကိုင်ပြု၍ လူမည်းကြီး ဆိုသည်မှာ ထို နှစ်နင်းလာနံရှင် သာလျှင် ဖြစ်ကြောင်းကို သက်သေထူ လျှောက်လဲလေ၏။
သူ၏ လျှောက်လဲချက်များမှာ ထိလွန်းလှသဖြင့် တရားသူကြီးမ ပင်လျှင် တအင်းအင်းနှင့် ဖြစ်နေရတော့သည်။ အိုပါးရှိတ်သည် ဝတ္ထုထဲမှ ကောက်နုတ်ချက် စာသားများကို ခရားရေလွှတ် တတွတ်တွတ်နှင့် အလွတ် ရွတ်ဆိုပြလေသော် နားဆင်ရသူ အပေါင်းသည် ချက်ချင်းပင် အိမ်သာ ပြေးရတော့ မလိုလို၊ အိမ်ပြန် ပြေးရတော့ မလိုလို ဖင်တကြွကြွ ဖြစ်ကုန်ကြသည်။ ထို့နောက် ဣနြေ္ဒ ဆည်ကာ မိမိ အလုပ်ကို အလွန် ကြိုးစားသော ရှေ့နေကြီး ပါတကားဟု အိုပါးရှိတ်ကို အထင်ကြီး ချီးမွမ်းကြလေသည်။ သို့သော် အဖြစ်မှန်မှာ အိုပါးရှိတ်သည်လည်း ပင်လယ်ပြာ လျှို့ဝှက် မြေအောက်ကမ္ဘာမှ တက်ကြွသော အောသမား တစ်ဦး ဖြစ်သောကြောင့် ထိုဝတ္ထုများကို အရည်ကျို သောက်ထားခဲ့သည်မှာ ဗိုလ်သက် တစ်သက်မျှပင် ရှိလေပြီ။ (ကလိယုဂ်ကပ်တွင် ဗိုလ်သက် တွက်ချက်ပုံကို နောင်ကြုံကြိုက်သော် တင်ပြလတ္တံ့။ အကြမ်းအားဖြင့် အနှစ်သုံးဆယ် နီးပါးမျှ ရှိသည်ဟု မှတ်ရာ၏။)
တရားခံသည် ကမ္ဘာပတ်၊ နိုင်ငံပတ်၍ မိန်းမပျိုလေးများအား ကျူးလွန်စော်ကားမှု မရှိပဲ လှန်ကြည့်ရုံ လှန်ကြည့်နေခြင်းသည် ရှာဖွေနေခြင်း ဖြစ်ကြောင်း အစိုးရ ရှေ့နေကြီး အိုပါးရှိတ်က ရှင်းပြသည်။ အဘယ်ကို ရှာဖွေနေသနည်း။ အမှန်စင်စစ် သူရှာဖွေ နေသည်မှာ တန်ရာ တန်ရာကိုသာ ဖြစ်သည်။ ပကတိ အော်ရီဂျင်နယ် အားဖြင့် နှုတ်ခမ်းနီတောင့်မျှ ရှိသော သူ၏ you-know-what သည် ရန်ဘက် တစ်ဦးက မိုင်တစ်သောင်း လိပ်ပြာလွင့် ခရမ်းချဉ်သီးဆော့ အဆိပ်ရည် လက်နက်ပုန်းဖြင့် အလစ် လုပ်ကြံ ခံလိုက်ရသောကြောင့် ဒဏ်ရာ အပြင်းအထန် ရကာ မျိုးမအောင်သော ခွေးလှေးယားသီး ခြောက်လေး အရွယ်မျှ ကျုံ့ဝင်သွားခဲ့သည်။ (ယောက်ျားတန်မယ့် မသေရုံတမည် ပါပဲ) ထို့ကြောင့် ရှက်စနိုး စိတ်ဖြင့် သေဟန် ဆောင်သွားသော်လည်း၊ ကာမဘုံသား တို့၏ မငြိမ်းနိုင်သော ရာဂမီးကြောင့် လူနီကြီး၏ အကူအညီဖြင့် တန်ရာတန်ရာကို လိုက်ရှာနေရခြင်း ဖြစ်ကြောင်း အိုပါးရှိတ်က သက်သေ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြသွားလေသည်။ သို့သော် ယနေ့ထက်တိုင် သူ့အတွက် တန်ရာတန်ရာကို တွေ့ဟန် မတူသေးပေ။ ကြားရသူအပေါင်းသည် ပေကြောင်ကြောင်လေး ထိုင်နေသော အောစတားကို ဂရုဏာသက်သော မျက်လုံးများဖြင့် ဝိုင်းကြည့်ကြရင်း ခေါင်းတညိတ်ညိတ် နှပ်တရှုံ့ရှုံ့ ဖြစ်ကုန်ကြသည်။ သနားစရာငှယ် ... ကျွတ်ကျွတ်၊ လူဖြစ်ရှုံးလှချည့်လားညှော် ... ကျွတ် ကျွတ် ကျွတ် etc,
(ဟဲဟဲ ... အားလဲ နာတယ်၊ ခင်လဲ ခင်တယ်လေ ... အဟဲ၊ အေးလေ ခညားက သေနေပြီဆိုတော့ မနာလောက်တော့ပါဘူး နော့၊ နာရင်လည်း ပြန်လာခဲ့ဗျာ)
ဘိုးဘိုးထောင်က "လူနီကြီးနှင့် လူမည်းကြီး မတူပါ" ဟု ကန့်ကွက် သေးသည်။ သို့သော် အိုပါးရှိတ်က ပြန်လည်ချေပသည်။
"အနီရောင် ရင့်လာရင် အညို ဖြစ်၊ အညို ရင့်လာရင် အမည်း ဖြစ်တာပဲ၊ ဒါကြောင့် လူမည်းကြီး ဆိုတာ လူနီကြီး အပွေးတက်လာတာပဲ။ `လူနီ လူမည်း တစ်ကောင်ထဲ၊ မယုံ ပေါင်ဖြဲ စစ်တော်မူ´ "ဟု ဆိုလေ၏။
ဤတွင် ကျနုပ်၏ တရုတ်တန်း မသွားသော်လည်း၊ အရှုပ်အရမ်းစကားများနှင့်၊ မဟုတ်တမ်းတရား တရားခွင်ကြီးကို နိဂုံးကမ္ပတ် အဆုံးသတ် ရပါတော့မည်။ သံသယ တရားခံသည် တရားခံ အစစ် ဖြစ်ထိုက်သည် မဖြစ်ထိုက်သည်၊ သံသယ၏ အကျိုးကို ခံစားထိုက်သည် မထိုက်သည်ကို မိတ်ဆွေ ကိုယ်တိုင်ပင် တရားသူကြီးမ ဒေါ်စောစော၏ နေရာမှ ဝင်ရောက်၍ ခံစား သုံးသပ် ဆင်ခြင် ဆုံးဖြတ်ပါလေတော့ ခင်ဗျား။
သတ်ချင် သတ် ... လွှတ်ချင် လွှတ်၊ လုပ်သားသဘော။
... ဒါဘဲ။